You are here

Mate 30 စီးရီးရဲ့ ဈေးနှုန်းသက်သာတဲ့ဗားရှင်းလို့ ခေါ်ဆိုနိုင်တဲ့ Huawei Nova 6 နှင့် Huawei Nova 6 5G တို့ကို ကြေညာ

Mobile
Huawei
Technology

Nova 5 ကို ကြေညာပြီး ခြောက်လအကြာမှာဘဲ Huawei ဟာ မျိုးဆက်သစ် Nova စီးရီးကို ကြေညာလာပါတယ်။ Huawei Nova 6 စီးရီးမှာ Huawei Nova 6 ၊ Huawei Nova 6 5G နှင့် Nova 6 SE တို့ ပါဝင်ပါတယ်။

Huawei Nova 6 5G

Nova 6 5G က Nova စီးရီးဖုန်းတွေထဲမှာ ပထမဆုံး 5G စမတ်ဖုန်း ဖြစ်ပါတယ်။ Nova 5 Pro ရဲ့ ခြေရာကို ဆက်ခံတဲ့ စမတ်ဖုန်းလို့ ပြောလို့ရပါတယ်။

ဒီဇိုင်းပိုင်းနဲ့ပတ်သက်ပြီး ပြောရရင် ဒီဖုန်းက Dual Punch-Hole Selfie Camera ပါဝင်တဲ့ ပထမဆုံး Huawei ဖုန်းလည်း ဖြစ်ပါတယ်။  LCD ဘဲ သုံးထားကာ In-Display Fingerprint Scanner မပါဝင်ပါဘူး။ လက်ဗွေရာစနစ်ကို ဘောင်မှာ ပါဝါခလုတ်မှာဘဲ ထည့်သွင်းထားပါတယ်။

Huawei က Nova 6 5G ရဲ့ ကျောဘက်ကို Dual-Film Dual-Plating Process ဖြင့် ဖန်တီးထားကြောင်း ဆိုထားပါတယ်။ ကျောဘက်မှာ မှန်သုံးထားပါတယ်။ ထောင့်လေးဖက်ကွေးဒီဇိုင်း သုံးထားတာကြောင့် ကိုင်တွယ်ရတာ ကျစ်ကျစ်လစ်လစ် ရှိနေပါမယ်။

Huawei Nova 6 5G ကို ခရမ်းရောင်၊ အပြာရောင်၊ အနက်ရောင်၊ အနီရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။ အနီရောင်ဗားရှင်းတစ်မျိုးတည်းမှာဘဲ Nova လိုဂိုပါဝင်ပါတယ်။ အခြားဗားရှင်းသုံးမျိုးတို့မှာ Huawei လိုဂိုထည့်သွင်းထားပါတယ်။

Nova 6 5G Specs

Huawei Nova 6 5G မှာ မျက်နှာပြင် ၆.၅၇ လက်မ FHD+ 2400x1080p Resolution ရုပ်ထွက်ပါဝင်ပြီး TUV Rheinland က ထောက်ခံချက်ပေးထားပါတယ်။ Kirin 990 Chipset နှင့် ပါဝါထောက်ပံ့ထားကာ  Balong 5000 Modem ပါဝင်ပါတယ်။ NSA/SA 5G ထောက်ပံ့ထားပါတယ်။ ဘက်ထရီ 4200 mAh ပါဝင်ကာ 40W SuperCharge ဖြင့် အားသွင်းနိုင်ပါမယ်။

ဒီဖုန်းမှာ RAM8GB ပါဝင်ပြီး 128/256GB Storage တို့ ဖြင့် ရွေးချယ်နိုင်ပါတယ်။ Dual-SIM(Nano)  ထောက်ပံ့ထားကာ နှစ်ကတ်လုံး 5G သုံးနိုင်ပါတယ်။ ဒါပေမယ့် တစ်ကြိမ်မှာ တစ်ကတ်တည်းဘဲ 5G သုံးနိုင်ပါမယ်။

Huawei Nova 6 5G မှာ ကျောဘက်ကင်မရာသုံးလုံးပါဝင်ပါတယ်။ အဓိကကင်မရာက 40MP RYYB Sony Sensor ဖြစ်ပြီး f/1.7 ပါဝင်တာကြောင့် အလင်းပေးမှုကောင်းမွန်တဲ့အပြင် ISO 204800 အထိ ပေးနိုင်ပါတယ်။ ဒုတိယကင်မရာက ၁၂၀ ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 8MP f/2.4 ဖြစ်ပြီး တတိယကင်မရာက 8MP f/2.4 Telephoto ဖြစ်ပါတယ်။ တတိယကင်မရာက 30x Ultra-Long Zoom သုံးနိုင်ပြီး Autofocus နှင့် OIS တို့ ပါဝင်ပါတယ်။ ဒီဖုန်းမှာ EIS လည်း ပါဝင်သလို ဗီဒီယိုရိုက်ကူးမှုကို 4K HD ဖြင့် ပြုလုပ်နိုင်ပါတယ်။

Huawei Nova 6 5G မှာ ရှေ့ကင်မရာနှစ်လုံးပါဝင်ပြီး 32MP Sony IMX616 f/2.4+8MP f/2.2 ဖြစ်ပါတယ်။ ဒုတိယကင်မရာက ၁၀၅ ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးနိုင်တာကြောင့် Group Selfie ရိုက်ကူးနိုင်ပါမယ်။ ရှေ့ကင်မရာမှာ EIS ၊ Portrait Mode ၊ Super Night Scene Mode တို့ ပါဝင်ပါတယ်။ Huawei က ဒီဖုန်းက ရှေ့ကင်မရာဖြင့် 4K@30fps ဗီဒီယိုရိုက်ကူးနိုင်တဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ကြောင်း ပြောကြားထားပါတယ်။ Huawei Nova 6 5G ဟာ DxOMark ရဲ့ ရှေ့ကင်မရာအကောင်းဆုံး စမတ်ဖုန်းများစာရင်းမှာ ရမှတ် ၁၀၀ ဖြင့် ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

Huawei Nova 6 5G မှာ NFC ၊ Bluetooth 5.1 ၊ Dual-Band WiFi ၊ Dual Frequency GPS  တို့ ပါဝင်ပါတယ်။ Reverse Wired Charging လည်း ပါဝင်ပါတယ်။ Android 10 အခြေခံ EMUI 10 ပါဝင်ပါတယ်။

Huawei Nova 6 5G  ဈေးနှုန်းနှင့် ရောင်းချမယ့်ရက်

Huawei Nova 6 5G ရဲ့ 128GB ကို ဒေါ်လာ ၅၃၉ နှင့် 256GB ဗားရှင်းကို ဒေါ်လာ ၅၉၆ သတ်မှတ်ထားပါတယ်။ ဒီဖုန်းကို လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။

Huawei Nova 6

Huawei Nova 6 မှာ Huawei Nova 6 5G နှင့် တူညီတဲ့ ဒီဇိုင်း၊ တူညီတဲ့ ပါဝါထောက်ပံ့မှုတို့ သုံးထားပါတယ်။ ဒါပေမယ့် ဒီဖုန်းနှစ်မျိုးအကြားမှာ ကွဲပြားနေတဲ့ အဓိကအချက်တွေလည်း ရှိနေပါတယ်။

ဒီဖုန်းမှာလည်း မျက်နှာပြင် ၆.၅၇ လက်မ FHD+ ရုပ်ထွက်ဘဲ သုံးထားကာ Dual Punch-Hole Selfie Camera များပါဝင်ပါတယ်။ ဒါပေမယ့် 32MP ကင်မရာမှာ Autofocus မပါဝင်ဘဲ Fixed Focus ဘဲ ပါဝင်ပါတယ်။ f/2.0 ဘဲ သုံးထားသလို ဒုတိယကင်မရာကလည်း 8MP f/2.2 Ultrawide ဖြစ်ပါတယ်။

နောက်ထပ်ကွဲလွဲမှုက အဓိကကင်မရာမှာ 40MP f/1.8 သုံးထားတာ ဖြစ်ပြီး f/1.7 မသုံးထားပါဘူး။ ကျန်တဲ့ ကျောဘက်ကင်မရာတို့က အတူတူ ဖြစ်ပါတယ်။

Nova 6 မှာလည်း Kirin 990 အသုံးပြုထားပေမယ့် RAM8GB/128GB ဗားရှင်းတစ်မျိုးတည်းဘဲ ရွေးချယ်နိုင်ပါမယ်။ ဘက်ထရီ 4100 mAh ပါဝင်ကာ ဘက်ထရီ အနည်းငယ်နည်းပါးသွားပေမယ့် 40W SuperCharge ဖြင့် အားသွင်းနိုင်ပါမယ်။ ကျန်တဲ့အချက်တွေကတော့ Nova 6 5G နှင့် အတူတူ ဖြစ်ပါတယ်။

Nova 6 ဈေးနှုန်းနှင့် ရောင်းချမယ့်ရက်

Nova 6 ကို ဒေါ်လာ ၄၅၄ သတ်မှတ်ထားပြီး အနက်ရောင်၊ အပြာရောင်၊ ခရမ်းရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။

Related Articles