You are here

ကျောဘက်ကင်မရာလေးလုံး၊ Kirin 980 Chipset ပါဝင်တဲ့ Honor 20 နှင့် Honor 20 Pro တို့ကို ကြေညာလာ

Mobile
Huawei
Honor
Technology

Huawei ဟာ စမတ်ဖုန်းကင်မရာပိုင်းမှာ ထိပ်ဆုံးနေရာသို့ ရောက်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ Huawei ရဲ့ ဒုတိယအမှတ်တံဆိပ် Honor ဟာလည်း ကင်မရာပိုင်းနှင့် ဈေးကွက်မှာ နေရာတစ်နေရာရယူဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ယနေ့မှာ Honor 20 နှင့် Honor 20 Pro တို့ကို ကြေညာလာပြီ ဖြစ်ပါတယ်။ Honor 20 စမတ်ဖုန်းနှစ်မျိုးတို့မှာ Macro ကင်မရာပါဝင်ပါတယ်။ Pro ဗားရှင်းမှာ စမတ်ဖုန်းသမိုင်းမှာ အလင်းပေးနိုင်မှုအများဆုံး Aperture အသုံးပြုထားပါတယ်။

Honor 20 Pro

Honor 20 Pro မှာ လက်ရှိ စမတ်ဖုန်းဈေးကွက်မှာ အလင်းပေးနိုင်မှု အများဆုံး Apeture အဖြစ် f/1.4 အသုံးပြုထားပါတယ်။ f/1.8 ထက် ၆၀ ရာခိုင်နှုန်းအထိ အလင်းပိုမိုပေးနိုင်စွမ်းရှိပြီး 48MP Sony IMX586 Sensor မှာ အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒီကင်မရာမှာ Optical နှင့် Electronic Image Stabilization လည်း ပါဝင်ပါတယ်။

Pro ဗားရှင်းမှာ 8MP Telephoto Camera ပါဝင်ပြီး 3x Optical နှင့် 5x Hybrid Zoom(Digital Zoom 30x) သုံးနိုင်ပါမယ်။ ဒီကင်မရာမှာလည်း OIS ထည့်သွင်းထားပြီး Zoom ဆွဲ ရိုက်ကူးတဲ့ အခါ ဓာတ်ပုံကောင်း ရရှိပါမယ်။ ဒါ့အပြင် အနီးကပ် ဓာတ်ပုံ ရိုက်ကူးဖို့အတွက် Macro Camera လည်း ပါဝင်ပါတယ်။ 2MP ကင်မရာ ဖြစ်ပါတယ်။ ၁.၅ လက်မအကွာမှ အနီးကပ် ဓာတ်ပုံ ရိုက်ကူးနိုင်ပါမယ်။ စတုတ္ထကင်မရာက 16MP Ultra Wide-Angle Lens ဖြစ်ပြီး ၁၁၇ ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးနိုင်ပါမယ်။

ရှေ့ကင်မရာ 32MP ကို Punch-Hole မှာ ထည့်သွင်းပေးထားပါတယ်။ ဒီဖုန်းမှာ မျက်နှာပြင် ၆.၂၆ လက်မ LCD 1080p ရုပ်ထွက်နှင့် 19:5:9 Aspect Ratio ပါဝင်ပါတယ်။ လက်ဗွေရာစနစ်ကို ဘောင်မှာ ထည့်သွင်းပေးထားသလို Face Unlock လည်း ထောက်ပံ့ထားပါတယ်။

Honor 20 Pro ကို Kirin 980 Chipset ၊ RAM8GB နှင့် အထိုင်ချထားပြီး Storage 256GB ပါဝင်ပါတယ်။ Chipset မှာ Graphene Cooling Sheet သုံးထားပြီး ယင်းက Copper ထက် ၁.၅ ဆ ပိုအေးစေပါတယ်။

Dual NPU ၊ ISP ၊ AIS Super Night Mode တို့ကြောင့် ဘယ်အချိန်မျိုးမှာမဆို လျှင်မြန်စွာ ဓာတ်ပုံကောင်း ရိုက်ကူးနိုင်ပါမယ်။

ဒီဖုန်းမှာ ဘက်ထရီ 4000 mAh ပါဝင်ပြီး 22.5W Fast Charging ထောက်ပံ့ထားပါတယ်။ မိနစ် ၃၀ အားသွင်းရုံဖြင့် ဘက်ထရီ ၅၀ ရာခိုင်နှုန်း ရရှိပါမယ်။

Honor 20 Pro ရဲ့ ဈေးနှုန်းက ယူရို ၆၀၀ ဖြစ်ပါတယ်။

Honor 20

Honor 20 Pro နဲ့ Honor 20 တို့အကြားမှာ အဓိက ကွာခြားသွားတာ ကင်မရာပိုင်း ဖြစ်ပါတယ်။ ဒါပေမယ့် 48MP Sony IMX586 Sensor သုံးထားတုန်း ဖြစ်ပါတယ်။ အလင်းဝင်ပေါက် f/1.8 ပဲ သုံးထားပါတယ်။ Optical Stabilization မပါဝင်ပါဘူး။ 2MP Macro နှင့် 16MP Ultra Wide-Lens ပါဝင်ပါတယ်။ Pro ဗားရှင်းမှာလို Telephoto Lens ပါဝင်ခြင်းမရှိဘဲ 2MP Depth Sensor ပဲ ပါဝင်ပါတယ်။

Honor 20 မှာလည်း မျက်နှာပြင် ၆.၂၆ လက်မ 1080p+ ရုပ်ထွက်သုံးထားပြီး Punch-Hole မှာ ရှေ့ကင်မရာ 32MP ထည့်သွင်းထားပါတယ်။ လက်ဗွေရာစနစ်ကို ဘောင်မှာ ထည့်သွင်းထားပါတယ်။

Kirin 980 ၊ RAM6GB နှင့်အထိုင်ချထားပြီး Storage 128GB ပါဝင်ပါတယ်။ Graphene Sheet မပါဝင်ပါဘူး။ Pro ဗားရှင်းလိုပဲ GPU Turbo 3.0 ပါဝင်ကာ ဂိမ်းများကို ညက်ညောစွာ ကစားနိုင်ပါမယ်။

Honor 20 က ၇.၈၇ မီလီမီတာပဲ ရှိကာ Pro (၈.၄၄ မီလီမီတာ) ထက် ပိုပါးပါတယ်။ ဘက်ထရီ 3750 mAh ပါဝင်ကာ 22.5W SuperCharge ဖြင့် အားသွင်းနိုင်ပါမယ်။ မိနစ် ၃၀ အားသွင်းပြီး ဘက်ထရီ ၅၀ ရာခိုင်နှုန်း ရရှိပါမယ်။

Honor 20 ဖုန်းနှစ်မျိုးလုံးမှာ 9.1 Surround Virtualization ပါဝင်ပြီး ရုပ်ရှင်ရုံမှာ သွားကြည့်သကဲ့သို့ အသံပိုင်းခံစားရပါမယ်။ နားကြပ်ပေါက် မပါဝင်ပါဘူး။

Honor 20 ရဲ့ဈေးနှုန်းက ယူရို ၅၀၀ ဖြစ်ပါတယ်။

ဖုန်း ၀ယ်ယူသူများအနေဖြင့် ဒေါ်လာ ၂၀၀ ကျော်တန် Honor Watch Magic စမတ်နာရီ လက်ဆောင် ရရှိပါမယ်။

 

Related Articles