You are here

Galaxy Tab S5e နှင့် Galaxy Tab A 10.1 (2019) ကို ကြေညာ

Mobile
Technology

Samsung ဟာ လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ Galaxy S10 စီးရီးကို မိတ်ဆက်သွားပါမယ်။ ဒါပေမယ့် Samsung ဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ Galaxy Unpacked ပွဲမတိုင်မီ Tablet သစ် နှစ်မျိုးကို ကြေညာလာပါတယ်။ Galaxy Tab S5e နှင့် Galaxy Tab A 10.1 (2019) ဖြစ်ပါတယ်။

Galaxy Tab S5e

S5e ဆိုတဲ့အမည်ကို သုံးထားလို့ S4 ထက် ပါဝါမြင့်မယ်လို့ မယူဆလိုက်ပါနဲ့။ Galaxy Tab S4 က လက်ရှိအချိန်အထိ ပါဝါအမြင့်ဆုံး Samsung Tablet အဖြစ် ရပ်တည်နေတုန်း ဖြစ်ပါတယ်။ အခု S5e ဆိုတဲ့အမည်ကို သုံးလာတာကို ကြည့်ရင် မဝေးတော့တဲ့ကာလအတွင်းမှာ S5 ကို ကြေညာလာမယ်ဆိုတာ သိနိုင်ပါတယ်။

Galaxy Tab S5e ကို အလူမီနီယမ်ဘော်ဒီနှင့် တည်ဆောက်ထားပြီး အနက်ရောင်၊ ရွှေရောင်၊ ငွေရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။ အတိုင်းအတာက 245x160x5.5mm ရှိပြီး အလေးချိန် ၄၀၀ ဂရမ်ရှိပါတယ်။ ၅.၅ မီလီမီတာအထူပဲ ရှိတာကြောင့် အလွန်ပါးလျနေတဲ့အပြင် အလွန်လည်း ပေါ့ပါးနေပါမယ်။ နားကြပ်ပေါက် မပါဝင်တော့တာကြောင့် ပါးလျအောင် လုပ်ဆောင်လာနိုင်တာ ဖြစ်ပါတယ်။

Galaxy Tab S5e က မျက်နှာပြင် ၁၀.၅ လက်မ 2560x1600px Resolution Super AMOLED သုံးထားပါတယ်။ Snapdragon 670 နှင့်ပါဝါထောက်ပံ့ထားကာ 4GB/64GB နှင့် 6GB/128GB တို့နှင့် ရွေးချယ်နိုင်ပါမယ်။ microSD မှ တဆင့် 512GB အထိ တိုးမြှင့်နိုင်ပါမယ်။

ကျောဘက်ကင်မရာ 13MP နှင့် ရှေ့ကင်မရာ 8MP ပါဝင်ပါတယ်။ Dolby Atmos ပါဝင်တဲ့ AKG စပီကာများ ပါဝင်ပါတယ်။

Tab S5e မှာ Android 9.0 Pie အခြေခံ One UI သုံးထားပါတယ်။ Bixby 2.0 ပါဝင်ပါတယ်။ ဘက်ထရီ 7040mAh ပါဝင်ပြီး USB Type C တဆင့် Fast Charging လုပ်နိုင်ပါမယ်။ Spotify ပါဝင်ပြီးဖြစ်ကာ Premium Subscriptions ကို သုံးလ အခမဲ့သုံးနိုင်ပါမယ်။

Galaxy Tab S5e ရဲ့ဈေးနှုန်းက ဒေါ်လာ ၄၀၀ ဖြစ်ပြီး ဒုတိယသုံးလပတ်မှာ ရောင်းချသွားပါမယ်။ LTE ဗားရှင်းကိုလည်း ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဂျာမနီမှာ LTE နှင့် Wi-Fi ဗားရှင်းတို့ကို ယူရို ၄၇၉ နှင့် ယူရို ၄၁၉ အသီးသီး သတ်မှတ်ထားပါတယ်။ မတ်လ ၁၄ ရက်နေ့မှာ ကြိုတင်အမှာ လက်ခံမှာ ဖြစ်ပြီး ဧပြီလ ၄ ရက်နေ့မှာ စတင်ရောင်းချပါမယ်။ ကြိုတင်အမှာ လုပ်သူများကို AKG Headphones Y500 နားကြပ် လက်ဆောင်ပေးသွားပါမယ်။ ကာဗာကီးဘုတ်လည်း ထောက်ပံ့ထားပြီး Samsung DeX ကိုသုံးကာ လက်တော့ပ်တစ်လုံးအဖြစ်လည်း သုံးနိုင်ပါမယ်။ ဒါ့အပြင် S Pen နှင့်လည်း တွဲသုံးနိုင်ပါမယ်။

Galaxy Tab A 10.1 (2019)

Galaxy Tab A 10.1 (2019) က Galaxy Tab S5e ထက် ဈေးနှုန်းသက်သာသလို ပါဝါလည်း နည်းပါတယ်။ မျက်နှာပြင် ၁၀.၁ လက်မ 1920x1200 px IPS LCD သုံးထားပါတယ်။ Exynos 7904 Chipset သုံးထားပါတယ်။ RAM3GB နှင့် Storage 32GB ပါဝင်ပါတယ်။ microSD မှတဆင့် 400GB အထိ တိုးနိုင်ပါတယ်။

ကျောဘက်ကင်မရာ 8MP နှင့် ရှေ့ကင်မရာ 5MP ပါဝင်ပါတယ်။ ဘက်ထရီ 6150 mAh ပါဝင်ပြီး USB Type C မှ အားသွင်းနိုင်ပါမယ်။ ဒီ Tablet မှာ Dolby Atoms ထောက်ပံ့ထားတဲ့ စတီရီယိုစပီကာများ အသုံးပြုထားပါတယ်။

ဒီ Tablet ရဲ့ Wi-Fi ဗားရှင်းက ယူရို ၂၁၀ ဖြစ်ပြီး LTE ဗားရှင်းက ယူရို ၂၇၀ ဖြစ်ပါတယ်။ ဂျာမနီမှာ ဧပြီလ ၅ ရက်နေ့မှာ စတင်ရောင်းချပါမယ်။

 

Related Articles