You are here

Galaxy J ဖုန်းများ သန်း ၁၀၀ နှင့် Galaxy A ဖုန်းများ သန်း ၂၀ ရောင်းချရရန် Samsung ပစ်မှတ်ထား

Mobile
Samsung

ပြီးခဲ့ရက်အနည်းငယ်တုန်းက Samsung ဟာ ယခုနှစ်မှာ Galaxy S8 ကို အလုံးရေ သန်း ၆၀ ရောင်းချရဖို့ ပစ်မှတ်ထားနေတယ်ဆိုတဲ့ သတင်း ရေးသားခဲ့ဖူးပါတယ်။ ဒီကနေ့မှာတော့ Samsung ရဲ့ အလယ်အလတ်တန်းဖုန်းနှင့် တန်ဖိုးနည်းဖုန်းတွေ ဘယ်လောက်အထိ ရောင်းချရဖို့ မျှော်လင့်ထားသလဲဆိုတာ ထွက်ပေါ်လာပါတယ်။

တောင်ကိုးရီးယားမီဒီယာများက Samsung ဟာ ၂၀၁၇ ခုနှစ်မှာ Galaxy A စမတ်ဖုန်းများ သန်း ၂၀ ၀န်းကျင်ရောင်းချရဖို့ မျှော်မှန်းထားကြောင်း ရေးသားဖော်ပြနေပါတယ်။ ဒါပေမယ့် Samsung ဟာ တန်ဖိုးနည်းဖုန်းတွေဖြစ်ကြတဲ့ Galaxy J စီးရီးဖုန်းတွေကိုတော့ အလုံးရေ သန်း ၁၀၀ ၀န်းကျင်အထိ ရောင်းချရဖို့ မျှော်မှန်းထားပါတယ်။

Samsung မှ အမည်ဖော်ပြထားခြင်းမရှိတဲ့ အရေးပါတဲ့ အရာရှိတစ်ဦးရဲ့ ပြောကြားမှုကို ကိုးကာ ဖော်ပြလာကြခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒါက အပြောပဲ ရှိသေးတယ်ဆိုတာကိုတော့ သတိထားရပါမယ်။ အများအားဖြင့် ရည်မှန်းချက်နှင့် တကယ်ဖြစ်လာတဲ့အရာက လွဲနေတတ်တာ သတိပြုရပါမယ်။

Samsung Galaxy A (2017) ဖုန်းများကို ယခုလအစောပိုင်းတုန်းက မိတ်ဆက်ခဲ့ပါတယ်။ S နှင့် Note စီးရီးဖုန်းတွေလိုပဲ ရေစိမ်ခံနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် AMOLED ရုပ်ထွက်၊ လက်ဗွေရာစနစ်လည်း ပါဝင်ပါတယ်။ ဒီဇိုင်းကိုလည်း Note 7 ကို အခြေခံပြီး တည်ဆောက်ထားတာကြောင့် ခန့်ညားလှပတဲ့ဖုန်းတွေ ဖြစ်တာ တွေ့ရပါတယ်။

Samsung ဟာ ယခုလ နှောင်းပိုင်းမှာ မြန်မာနိုင်ငံမှာလည်း Galaxy A (2017) ဖုန်းတွေကို ရောင်းချသွားပါမယ်။ Samsung Galaxy J ဖုန်းတွေဟာ တန်ဖိုးသင့်တာကြောင့် အိန္ဒိယ၊ မြန်မာအပါအ၀င် အာရှဈေးကွက်နှင့် တောင်အမေရိကဈေးကွက်တို့မှာ အကြီးအကျယ် အောင်မြင်မှုရရှိတဲ့ဖုန်းတွေ ဖြစ်ပါတယ်။ 

Related Articles