You are here

4K ဗီဒီယိုရိုက်ကူးနိုင်သည့် Liveman C1 အက်ရှင်ကင်မရာတစ်ခုကို LeEco ကြေညာ

Gadgets
Technology

ယနေ့မှာ LeEco ဟာ နည်းပညာပစ္စည်းသစ်တစ်ခုကို ကြေညာလာခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ မိတ်ဆက်လာတဲ့အရာကတော့ စမတ်ဖုန်း မဟုတ်ပါဘူး။ တရုတ်ကုမ္ပဏီဟာ ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ အက်ရှင်ကင်မရာဈေးကွက်ထဲသို့ ၀င်ရောက်လာတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ခန့်တုန်းက Xiaomi ကို ကျောထောက်နောက်ခံပြုထားတဲ့ Yi ကလည်း အက်ရှင်ကင်မရာသစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ LeEco ဟာ အက်ရှင်ကင်မရာဈေးကွက်မှာ Yi ကိုရော GoPro ကိုပါ ယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်နေတယ်ဆိုတာ မြင်နိုင်ပါတယ်။

LeEco ရဲ့အက်ရှင်ကင်မရာအမည်က Liveman C1 ဖြစ်ပါတယ်။ 4K ဗီဒီယိုကို 30fps ဖြင့် ရိုက်ကူးနိုင်ပါတယ်။ Yi 4K နှင့် အရည်အသွေးအတူတူ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးမီက Yi က ကြေညာလာတဲ့ Yi 4K+ က 60 fps နှင့် ရိုက်ကူးနိုင်တာကြောင့် သူတို့ကိုတော့ မယှဉ်နိုင်ပါဘူး။

Liveman C1 မှာ 16MP ကင်မရာ ပါဝင်ပါတယ်။ ၁၄၀ ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးနိုင်ပါတယ်။ ရွှေ့လျားနေချိန်မှာ အလိုအလျှောက် ရိုက်ကူးနိုင်ဖို့ G Sensor ပါဝင်ပါတယ်။ ဒါ့အပြင် ရိုက်ကွင်းကို ကြည့်နိုင်ဖို့ 1.8 m မျက်နှာပြင် ရုပ်ထွက် ပါတယ်။ Wi-Fi စနစ် ထည့်သွင်းထားပြီး microSD ကတ်ပေါက် တစ်ပေါက်၊ micro HDMl ပေါက်ပါဝင်ပါတယ်။ 1050 mAh ဘက်ထရီ ပါဝင်ပါတယ်။

ဒါ့အပြင် LeEco ဟာ ဗူးထဲမှာ ရေစိမ်ခံ ကာဗာတစ်ခုလည်း ထည့်သွင်းထားပါတယ်။ ယင်းကာဗာ အသုံးပြုထားမယ်ဆိုရင် ရေအောက် ၄၀ မီတာအောက်မှာအထိ ရိုက်ကူးနိုင်ပါမယ်။ Liveman C1 ကို ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူးပွဲတော်မတိုင်မီ ရောင်းချသွားပါမယ်။ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။ 

Related Articles